ဆီးချိုရှိတဲ့သူ အရက်သောက်တဲ့အခါ
အယ်လ်ကိုဟောပါဝင်တဲ့ အရက်၊ ဘီယာ၊ ဝိုင်တွေဟာ အသင့်အတင့်ပမာဏ သောက်သုံးရင် နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုကြပါတယ်။ ဒါဆိုရင် ဆီးချိုရှိတဲ့သူက သောက်ရင်ရော ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတာ စိတ်ဝင်စားစရာပါ။
မိမိက အရက်သောက်ရတာ ကြိုက်တယ်၊ ဒီကြားထဲ ဆီးချိုကလည်း ဖြစ်လာတဲ့အခါ ရုတ်တရက် ဖြတ်လိုက်ဖို့ကလည်း ခက်ခဲ၊ ဆက်သောက်ချင်စိတ်ကလည်းရှိ၊ ရောဂါပိုဆိုးမှာလည်း ကြောက်နဲ့ ဗျာများနေရသူတွေလည်း ရှိမှာပါ။ ဒါကြောင့် အယ်လ်ကိုဟောက ဆီးချိုအတွက် ဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
အယ်လ်ကိုဟောကို အသင့်အတင့်ပမာဏ နေ့စဥ်သောက်သုံးရင် အင်ဆူလင်တုံ့ပြန်မှု ပိုကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။ HbA1C လို့ခေါ်တဲ့ ဆီးချိုညွှန်းကိန်းကိုလည်း ကျစေပါတယ်။
အသင့်အတင့် ပမာဏလို့ ဆိုရာမှာ အမျိုးသားတွေအတွက် 2 drinks ၊ အမျိုးသမီးတွေအတွက် 1 Drink ထက်မပိုတာကို ဆိုလိုတာဖြစ်ပြီး 1 Drink ဟာ ဝိုင်ဆိုရင် ၅ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စနဲ့ အရက်ဆိုရင် ၁.၅ အောင်စနဲ့ ညီမျှပါတယ်။
ထိုပမာဏအောက်ကို နေ့စဥ်သောက်သုံးမှသာ အင်ဆူလင်တုံ့ပြန်မှု ရှိမှာဖြစ်ပြီး သောက်လိုက်မသောက်လိုက်လုပ်ရင်တော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်မှာ မဟုတ်လို့ အစတည်းက မသောက်တာက ပိုကောင်းပါတယ်။
ပုံမှန်ဆိုရင် သွေးတွင်းသကြားဓာတ်နည်းနေတဲ့အခါ အသည်းထဲမှာ သိုလှောင်ထားတဲ့ Glycogen တွေကို Glucose အဖြစ်ပြောင်းပြီး သွေးကြောထဲ ပို့ပေးကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အသည်းရဲ့ ထိုတာဝန်ကို အယ်လ်ကိုဟောက တားဆီးလိုက်တဲ့အတွက် အရက်သောက်တဲ့သူတွေဟာ သွေးတွင်းသကြားဓာတ် အလွန်အမင်း ကျသွားနိုင်ခြေ ရှိပါတယ်။
ဆီးချိုကျဆေးတွေ (အထူးသဖြင့် Sulfonylureas အုပ်စုဝင်ဆေးတွေ) ပုံမှန် သောက်နေတဲ့သူက အရက်သောက်ရင် သွေးတွင်းသကြားဓာတ် အလွန်အမင်း ကျဆင်းသွားနိုင်တဲ့ အန္တရာယ် ပိုရှိပါတယ်။
- ဒါကြောင့် သောက်ချင်ရင်လည်း ညနေစာစားချိန်မှာ ဝိုင်တစ်ခွက်လောက် သောက်တာ၊
- Carbs လို့ခေါ်တဲ့ ကာဗိုက်ဟိုက်ဒရိတ် ပါဝင်မှုများတဲ့ အမျိုးအစားကို ရွေးသောက်တာ၊
- သောက်ပြီး နာရီဝက်၊ တစ်နာရီကနေ ၁၂ နာရီအတွင်း လိုအပ်သလို သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။
တစ်ဖက်မှာတော့ အသင့်အတင့်ပမာဏ မဟုတ်ဘဲ အလွန်အကျွံ သောက်သုံးရင် အင်ဆူလင် တုံ့ပြန်မှုကျစေသလို အရက်က (အင်ဆူလင်ကို ထုတ်ပေးနေတဲ့) မုန့်ချိုအိတ်ကို ရောင်စေတာမို့ ဆီးချိုမရှိသေးရင် ဆီးချိုရှိလာမှာ ဖြစ်သလို ဆီးချိုရှိပြီးသားသူမှာ Ketoacidosis လို့ခေါ်တဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေနဲ့ သွေးထဲမှာ Triglycerides လို့ခေါ်တဲ့ မကောင်းတဲ့အဆီတွေ စုပုံလာတာ ဖြစ်စေမှာပါ။ ဒါကြောင့် ဆီးချိုရှိနေရင် အရက်ကို အလွန်အကျွံ သောက်သုံးဖို့တော့ မသင့်ပါဘူး။
အကယ်၍ သင်က ဆီးချိုလည်း ရှိနေမယ်၊ အရက်ကလည်း သောက်ချင်တယ်ဆိုရင် ဆရာဝန်ကို မိမိသောက်တဲ့ အရက်အမျိုးအစား၊ သောက်တဲ့ပုံစံကို သေချာပြောပြတိုင်ပင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ဆရာဝန်က ဘယ်လို သောက်သင့်သလဲဆိုတာ အကြံပေးနိုင်မှာ ဖြစ်သလို ဆီးချိုကျဆေးကို ထိန်းညှိပေးဖို့ အဆင်ပြေနိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်